ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို (၁၄.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ယင်းအဆောက်အဦတည်ရှိရာ ကြို့ပင်ကောက်မြို့၊ တပင်ရွှေထီးလမ်းတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
ပထမပိုင်းအစီအစဉ်ကို အဆောက်အဦသစ်ရှေ့၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် ဥပဒေချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ်၍ တာဝန်ရှိသူအသီးသီးက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပါသည်။




ဒုတိယပိုင်းကို အဆိုပါအဆောက်အဦသစ်၏ အစည်းအဝေးခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးတရားရေးဦးစီးမှူးက အဆောက်အဦဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ Winner Land Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မြင့်က အဆောက်အဦတည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆောက်အဦနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို တာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။





ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများက တရားရုံးအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး အခမ်းအနားကို နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။