သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား
Post Image

                         ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို (၂၄.၈.၂၀၂၄) ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

                        ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များဖြစ်သော တရားရုံးများသည် အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ လူ့အဖွဲ့အစည်းအတွင်း မနှစ်မြို့ဖွယ် ကြီးလေးသည့် ပြစ်မှုများဖြစ်သော မုဒိမ်းမှုများ၊ လူသတ်မှုများကို ကျူးလွန်သူများအပေါ်တွင်လည်း ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ကြရန်လိုကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်သည် အချိန်တိုအတွင်းအမှုများပြီးပြတ်သွားသည့်အတွက် တရားမမှု များ မှန်မှန်ကန်ကန်ဖြင့် မြန်ဆန်စွာပြီးပြတ်ရေးများစွာအထောက်အကူဖြစ်စေကြောင်း၊ ထို့ကြောင့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းထားပြီးဖြစ်သည့်အပြင် တီထွင်မှု မူပိုင်ခွင့်ဥပဒေအရစွဲဆိုမှုများ စစ်ဆေး စီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ထားပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးနေသည့်အမှုများကိုလည်း ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး တရားရုံးများက မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်ရန်လိုကြောင်း၊ ထို့ပြင် သက်သေခံပစ္စည်းစီမံခန့်ခွဲသည့်အမိန့်အပေါ် တက်ရောက်သည့်အမှုများကိုလည်း အထက် တရားရုံးများက ဦးစားပေး ကြားနာဆုံးဖြတ်ပေးရန်လိုကြောင်း၊ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများအတွက် တရားစီရင်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု တိုးတက်စေရေးအလေးပေး ဆောင်ရွက်လျက်ရှိရာ ပြည်ပသို့အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် ပညာသင်စေလွှတ် ခြင်းဖြင့် ဒေသတွင်းတရားစီရင်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကျိုးကျေးဇူးများရရှိမည့်အပြင် တရားသူကြီးများ၏ စွမ်းရည်တိုးမြှင့်မှုကဏ္ဍအတွက်လည်းများစွာ အထောက်အကူဖြစ်စေပါကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မှားယွင်းမှုများ၊ အားနည်းချက်များ မရှိစေရေး အဆင့်ဆင့်အလေးထား စိစစ်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် သေချာစွာစိစစ်ခြင်း မပြုမှုကြောင့် ဌာနအတွက်၊ နိုင်ငံအတွက် ထိခိုက်နစ်နာမှုများ မဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း လိုက်နာစောင့်ထိန်းကြရန်နှင့် ပေးအပ်သည့် တာဝန်ဝတ္တရား များကို ကျေပွန်စွာ၊ ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးတရားရေးဦးစီးမှူးက ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

                        ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်တရားရုံးများ နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ/တရားရေးအရာရှိများ စုစုပေါင်း(၁၂၂)ဦးတက်ရောက်ခဲ့သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ