သတင်းများ

(၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
Post Image

 ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၈)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို (၂၇-၂-၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီ တွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

   ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များဖြစ်သော တရားစီရင်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်နှင့်ပြည်သူများယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားရုံးစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အချုပ်တရားခံပါ အမှုများကို ကြန့်ကြာမှုမရှိစေဘဲ စစ်ဆေးကြရန်နှင့် ခံဝန်အမှုများကိုလည်း ပြီးသင့်ပြီးထိုက်သည့် အချိန်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်သေများလာရောက်ကမပျက်မကွက် စစ်ဆေးရန်၊ (CIS စနစ်ဖြင့် လစဉ်စာရင်းသွင်းမှု မှန်ကန်ရေးဂရုပြုဆောင်ရွက်ရန်၊ သက်သေခံပစ္စည်းစီမံခန့်ခွဲမှုကိစ္စ ဥပဒေ၊ လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန်၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သည့် အမှုများကိုလည်း ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြဌာန်းထားပြီးဖြစ်သော မူပိုင်ခွင့်ဥပဒေအားလုံးသည် အာဏာသက်ရောက်ပြီးဖြစ်သည့်အတွက် မူပိုင်ခွင့်ဥပဒေချိုးဖောက်၍ စွဲဆိုလာမှုများကို မူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးစီရင်ဆုံးဖြတ်ကြရန်ဖြစ်ကြောင်း၊ အာဆီယံဒေသတွင်း တရားစီရင်ရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံနှင့်မိတ်ဖက်နိုင်ငံများမှ တရားသူကြီးများကို ဖိတ်ခေါ်၍ သင်တန်းများ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ လက်ခံကျင်းပနိုင်ရန်နှင့် တရားသူကြီးများ၊ တရားရေးအရာရှိများ၏ စွမ်းဆောင်ရည်တိုးတက်စေရေးအတွက် လေ့ကျင့်ပျိုးထောင်နိုင်ရန် ရည်ရွယ်ပြီး Judicial College အဆောက်အဦကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ Judicial College မှာ “မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီး ကာကွယ်ရေး အသိပညာဆွေးနွေးပွဲ”ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မျက်မှောက်ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ကဏ္ဍအသီးသီး၌ နည်းပညာများ ခေတ်မီတိုးတက်လာပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ တရားစီရင်ရေးကဏ္ဍများတွင်လည်း Artificial Intelligence (AI)ကဲ့သို့ ဉာဏ်ရည်တုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ တရားစီရင်ရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရာတွင် AI နည်းပညာကို လက်လှမ်းမီရန်၊ အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်လေ့လာထားကြရန်လိုကြောင်း၊ ထို့ကြောင့် တရားသူကြီးများသည် တရားစီရင်ရေး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရုံမျှဖြင့် လုံလောက်ပြီဟုဆိုနိုင်မည်မဟုတ်ဘဲ ပြောင်းလဲနေသည့်ခေတ်ကို မျက်ခြည်မပြတ်လေ့လာ၍ ခေတ်နှင့်အညီ မိမိ၏ကိုယ်ပိုင်အရည်အချင်းများ တိုးတက်မြင့်မားရေးကိုလည်း အလေးပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ တတိယနှစ်လုပ်ငန်းအစီအစဉ်(၂၀၂၅) အောင်မြင်စေရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်ကငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)ကိုချမှတ်၍ အကောင်အထည်ဖော်လျက်ရှိရာ ယင်းမဟာဗျူဟာတွင် သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက တာဝန်ခံဆောင်ရွက်ရမည့်အချက်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တာဝန်ခံဆောင်ရွက်မည် အစီအစဉ်များနှင့် သတင်းပို့အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ရမည့်အချက်များပါရှိသဖြင့် လေ့လာဖတ်ရှုကြပြီး ဆက်လက်၍ အသိပညာမျှဝေကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် မှာကြားချက်ကို ထပ်ဆင့်ရှင်းလင်းပြောကြားပါသည်။

            ဆက်လက်၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ဌေးဌေးမော်က အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များ ကို ထပ်ဆင့်ရှင်းလင်းပြောကြားပါသည်။

       ထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေး အရာရှိများ စုစုပေါင်း (၁၂၉)ဦး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ